ဘောလုံးလောကမှ အပြောင်းအရွှေ့သတင်းများ


လီဗာပူးလ်အသင်းတွင် နည်းပြ ဂျာဂျင်ကလော့ပ်နှင့် ပြေလည်မှုမရှိသည့် အီတလီတိုက်စစ်မှူး ဘာလော့တယ်လီသည် ပြင်သစ်ကလပ်နိုက်စ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။ ဘာလော့တယ်လီသည် ပြီးခဲ့သည့်ရာသီက အေစီမီလန်အသင်းတွင် အငှားသွားရောက်ကစားခဲ့သော်လည်း ဒဏ်ရာများဖြင့်ရုန်းကန်ခဲ့ရပြီး ပွဲ ၂၀ တွင် ၁ ဂိုးသာ သွင်းနိုင်ခဲ့သည်။

ချယ်လ်ဆီးအသင်းမှ ကိုလံဘီယာလက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ကွာဒရာဒိုသည် ဂျူဗင်တပ်စ်အသင်းထံသို့ သုံးနှစ်အငှားစာချုပ်ဖြင့် ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် ကွာဒရာဒိုကို အငှားခေါ်ယူမှုအတွက် တစ်နှစ်လျှင် ပေါင် ၄ သန်းပေးချေရမည်ဖြစ်ပြီး အပြီးသတ်ခေါ်ယူလိုပါက ပေါင် ၈.၄ သန်းထပ်မံပေးချေရမည် ဖြစ်သည်။

ဘန်လေအသင်းသည် ဒါဘီအသင်းမှ အိုင်ယာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျက်ဖ်ဟန်ဒရစ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀.၅ သန်းဖြင့် ခေါ်ယူလိုက်သည်။ အသက် ၂၄ နှစ်အရွယ်ရှိဟန်ဒရစ်သည် ဒါဘီအသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော်ကစားပေးခဲ့သူဖြစ်ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့သူ ဖြစ်သည်။

ဝက်စ်ဘရွန်းအသင်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဝေးလ်အသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့သည့် တိုက်စစ်မှူး ရော့ဘ်ဆင်ကနူးကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ကနူးသည် ပြီးခဲ့သည့်ရာသီက ရီးဒင်းအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးထားသည့်အတွက် အလွတ်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

စတုခ်စီးတီးအသင်းသည် ပေါ်တိုအသင်းမှ ဟော်လန်လက်ရွေးစင်နောက်ခံကစားသမား မာတင်အင်ဒီကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ အသက် ၂၄ နှစ်အရွယ်ရှိ အင်ဒီသည် စတုခ်နည်းပြမာ့ခ်ဟုခ်ျ၏ ခြောက်ယောက်မြောက်ကစားသမားခေါ်ယူမှုဖြစ်ပြီး ခြေစွမ်းကို နှစ်သက်ပါက အပြီးသတ်ခေါ်ယူမည် ဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲတွင် ဂျာမနီအသင်းအတွက် ခြေစွမ်းပြကစားခဲ့သည့် အာဆင်နယ် တောင်ပံကစားသမား ဂနာဘရီကို ၀ါဒါဘရီမင်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄.၅ သန်းဖြင့် ခေါ်ယူလိုက်သည်။ ကစားသမားဘ၀တိုးတက်စေရန် ၀ါဒါဘရီမင်သို့ လာခဲ့ခြင်းဟု ဂနာဘရီက ပြောသည်။


<မူရင်းတင်ထားသည့်နေရာ>
Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post