မော်ရင်ဟိုနဲ့ ဂွာဒီယိုလာ ဘယ်လို အခင်း အကျင်းတွေနဲ့ ပြင်ဆင်လာမလဲ


လာမယ့် စနေက ကမ္ဘာတစ်လွှားက ဘောလုံး ပရိသတ်တွေ စိတ်ဝင်တစားရှိတဲ့ နေ့တစ်နေ့
ဖြစ်နေပါတယ်။
မန်ချက်စတာ ဒါဘီဆိုတဲ့ပွဲ ကို စိတ်ဝင်စားနေကြရာက ဒီရာသီမှာတော့
မန်ချက်စတာ ဒါဘီပွဲထက် မော်ရင်ဟိုနဲ့ ဂွာဒီယိုလာ မဟာပြိုင်ဘက် ထိပ်တန်းမန်နေဂျာ
နှစ်ယောက် ထိပ်တိုက်တွေ့နေတာကြောင့်ပိုလို့ စိတ်ဝင်တစားရှိနေကြတာဖြစ်ပါတယ်။
အောင်မြင်မှုကိုယ်စီရှိခဲ့ကြတယ်။ ထိပ်တိုက်တွေ့ဆုံခဲ့ကြတယ်။ စကားတွေကြမ်းကြမ်းတမ်း
တမ်းပြောခဲ့ရုံတင်မဟုတ်ဘူး။ ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့အထိ ရုန်းရင်းဆန်ခတ်
တွေဖြစ်ခဲ့ကြတဲ့ မန်နေဂျာတွေ၊ အခုတစ်ခါ ပရီမီယာလိဂ်က ငွေသုံးနိုင်တဲ့ ထိပ်တန်းဒါဘီ
နှစ်သင်းမှာ မန်နေဂျာတွေအဖြစ်နဲ့ ရောက် လာကြတော့၊ ဒီရာသီမှာ အစောကြီးထိပ်တိုက်
တွေ့နေကြတော့ ဘာတွေဖြစ်ကြမလဲ။ ဘယ်လို ပြင်ဆင်ကြမလဲ။
ဘယ်လိုရလဒ်တွေ ထွက် မလဲဆိုပြီး စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ အရင်က သူတို့နှစ်ယောက်
ထိပ်တိုက်တွေ့မှု မှာ ဂွာဒီယိုလာက မော်ရင်ဟိုထက်ပိုပြီး အသာစီးရထားခဲ့ပါတယ်။ ဂွာဒီယိုလာက
နိုင်ပွဲ ခုနစ်ပွဲ၊ မော်ရင်ဟိုက နိုင်ပွဲ သုံးပွဲ၊ သရေ က ခြောက်ပွဲရှိထားကြပြီး အခုပရီမီယာလိဂ်
စာမျက်နှာမှာ ဘယ်သူက မှတ်တိုင်သစ် စိုက် မလဲ၊ မော်ရင်ဟိုကတော့ အိမ်ရှင်၊ ဂွာဒီယိုလာ
ကတော့ ဧည့်သည်ဆိုတော့ မော်ရင်ဟိုက နှာတစ်ဖျားအသာစီးရထားပါတယ်။
မော်ရင်ဟို မန်ယူရောက်တာနဲ့ သူလိုချင် တဲ့ ကစားသမားတွေကို မန်ယူက ရအောင်ဝယ်ပေးခဲ့သလို
ဂွာဒီယိုလာအတွက်လည်း မန်စီးတီးက လိုချင်တဲ့ ကစားသမားတွေကိုဝယ်ပေးခဲ့တယ် ကစားသမား
ဝယ်ယူပုံချင်းမှာ မော်ရင်ဟိုနဲ့ ဂွာဒီယိုလာတို့ နှစ်ယောက် ကြားက အိုင်ဒီယာက မတူကွဲပြားနေခဲ့ပါ
တယ်။ မော်ရင်ဟိုက ကစားသမား လေးယောက် ၀ယ်တယ်။ သုံးယောက်က ပြောင်းရွှေ့ကြေး
ပေးရတယ်။ တစ်ယောက်က ပြောင်းရွှေ့ ကြေးအလွတ်နဲ့ လုပ်ခလစာ မြင့်မြင့်မားမား ပေးခေါ်ခဲ့တယ်။
ဂွာဒီယိုလာ ၀ယ်တဲ့သူတွေက မော်ရင်ဟိုဝယ်ခဲ့တဲ့ အီဗရာဟီမိုဗစ်၊ ပေါ့ဂ်ဘာ တို့လို ထိပ်ထိပ်ကြဲဖြစ်ကြသူတွေမဟုတ်ဘဲ၊ မော်ရင်ဟိုဝယ်ခဲ့တဲ့ ဘယ်လေ၊ အမ်ခီတာယန်တို့ အဆင့်မျိုးနဲ့ အဆင့်နိမ့်တဲ့သူတွေ ဖြစ်နေကြပါတယ်။ ဒီရာသီ ပရီမီယာလိဂ် မှာမော်ရင်ဟိုဝယ်ခဲ့တဲ့
ပေါ့ဂ်ဘာကတော့ ပြောင်းရွှေ့ကြေးအများဆုံး (ပေါင် ၈၉ သန်း) ကစားသမားဖြစ်သွားခဲ့ပါတယ်။
ဂွာဒီယိုလာ ၀ယ်တဲ့အထဲမှာ ကြေးအများဆုံးက ဂျွန်စတုန်း (ပေါင် ၄၇ ဒသမ ၅ သန်း)သာရှိတာက
နမူနာ အနေနဲ့ပြလို့ရတဲ့ သူတို့နှစ်ယောက်ရဲ့ ကွာခြား တဲ့ အိုင်ဒီယာပဲဖြစ်ပါတယ်။ ဂျွန်စတုန်းနဲ့ လီရွိုင်ဆိန်း နှစ်ယောက်ပေါင်း ပြောင်းရွှေ့ ကြေးက ပေါ့ဂ်ဘာ ပြောင်းရွှေ့ကြေးကို မမီခဲ့ပါဘူး။
အသုံးတည့်မှုလို့ခေါ်တဲ့ ထိရောက်မှုနဲ့ ကြည့်ရင်တော့ လောလောဆယ်မှာပေါ့ဂ်ဘာ နဲ့ ဂျွန်စတုန်းတို့
အားကိုးလောက်ဖွယ် ဖြစ်နေပြီး လီရွိုင်းဆိန်းကတော့ လုံးဝမကစားရ သေးလို့ မသိရသေးပါဘူး။
တကယ်လို့ လီရွိုင်း ဆိန်းလည်း အလုပ်ဖြစ်မယ်ဆိုရင်တော့ ဂွာဒီ ယိုလာဟာ မော်ရင်ဟိုထက်
အပြောင်းအရွှေ့ မှာ ပိုသာသွားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ မော်ရင်ဟိုဟာ
သူခေါ်ထားတဲ့ ကစားသမား လေးဦးမှာ သုံးဦးဟာ ဦးစားပေးနေရာရနေပြီး သုံးဦး စလုံးဟာ
အားထားရတဲ့ ခြေစွမ်းတွေပြနေခဲ့ ပါတယ်။ နောက်တန်းအတွင်းလူ ဘယ်လေဟာ မန်ယူနောက်တန်း
အတွင်းလူနေရာမှာ အကောင်းဆုံးကစားလိုက်တော့ အင်္ဂလိပ် ဘောလုံးသမား စမောလင်းအတွက် နေရာတောင် ပျောက်သွားခဲ့ရပြီ ဖြစ်ပါတယ်။ တည်ငြိမ်တယ်။ နောက်တန်းကို
ဦးဆောင်နိုင် တယ်။ ပါးနပ်မှုရှိတယ်။ မာကျောတယ်။ ဘလင်းနဲ့နားလည်မှုရှိရှိ ကစားနေခဲ့ပါတယ်။
ကွင်းလယ်က ပေါ့ဂ်ဘာကို ဂျူဗင်တပ်မှာကစားတဲ့ပုံစံမျိုး လောလောဆယ်မမြင်ရသေးပေမဲ့
ကွင်းလယ်မှာ ဦးဆောင်နိုင်သူဖြစ်လို့ ရွန်နီရဲ့ နေရာစုံလှုပ်ရှားမှုတွေက ပိုကျယ်ပြီး ပိုပြီးထိရောက်လာတာ
တွေ့နေရပါတယ်။
တိုက်စစ်က အီဗရာဟီမိုဗစ်ကလည်း ရွေ့ လျားပုံ လေးတယ်။ နှေးတယ်လို့ထင်ရပေမဲ့ အကောင်းဆုံး
အဆုံးသတ်တွေ လုပ်နိုင်သလို အကောင်းဆုံး တွဲဖက်ကစားနိုင်သူဖြစ်နေပါတယ်။ ရွန်းနီ၊
ဗလင်စီယာတို့ရဲ့ အကောင်း ဆုံး ဖြတ်တင်ဘောတွေကို မိုဗစ်ခ်ျကလည်း အကောင်းဆုံး
ခေါင်းတိုက်အဆုံးသတ်တွေနဲ့ ကစားခဲ့ပါတယ်။ ကွင်းလယ်သမား အမ်ခီတာယန်တစ်ယောက်ပဲ
အထိုင်ကျဖို့သာရှိပါတော့တယ်။ ဂွာဒီယိုလာကလည်း သူဝယ်တဲ့ ကစားသမားတွေထဲမှာ
နောက်တန်းသမား ဂျွန်စတုန်း ဟာ ချက်ချင်းအားကိုးလောက်တဲ့ ခြေစွမ်း တွေ ပြခဲ့ပါတယ်။
စတုန်းကို ပေါင် ၄၇ ဒသမ ၅ သန်းပေးတာ များတယ်လို့ တချို့ ထင်ခဲ့ကြပေမဲ့ စတုန်းဟာ
ဂွာဒီယိုလာအားထားရသူ ချက်ချင်းဖြစ်လာတဲ့အတွက် ကွန်ပနီအတွက် ဦးစားပေးနေရာ ပျောက်သွား
ခဲ့ရပါတယ်။ တိုက်စစ်မှူးဖြစ်တဲ့ နိုလီတို ကို တောင်ပံသမားနေရာပြောင်းပြီး ကစားခိုင်းတော့လည်း
နိုလီတိုဟာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဂူဒိုဂန်၊ လီရွိုင်းဆိန်း တို့ကတော့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု
မပြည့်သေး တာကြောင့် မကစားရသေးပါဘူး။
ဂွာဒီ ယိုလာ သုံးနေသူတွေကလည်း မန်စီးတီးမှာ အားထားရသူတွေ ဖြစ်နေပြန်တော့ မော်ရင်ဟို နဲ့
ဂွာဒီယိုလာတို့ရဲ့ ကစားသမားအသစ်တွေ ဟာ သူတို့ကို အထောက်အပံ့တွေ အမြန်ဆုံး ပေးနေတာလည်း
တူညီနေကြပါတယ်။ အခုပရီမီယာလိဂ် သုံးပွဲကစားအပြီးမှာ မော်ရင်ဟိုရော ဂွာဒီယိုလာပါ သုံးပွဲ
စလုံးကို အနိုင်ကစားထားနိုင်တာလည်း တူညီနေပြန်ပါတယ်။ မန်ယူက သွင်းဂိုးခြောက်ဂိုး၊ ပေးဂိုး
တစ်ဂိုး၊ မန်စီးတီးက သွင်းဂိုး ကိုးဂိုး၊ ပေးဂိုး သုံးဂိုး ရှိထားကြပါတယ်။ မော်ရင်ဟိုက ခံစစ်ကောင်းပြီး
ဂွာဒီယိုလာက ခံစစ်အားနည်း နေပါတယ်။
ဂွာဒီယိုလာက တိုက်စစ်ကောင်း ပြီး မော်ရင်ဟိုက သင့်ရုံသာရှိတာတွေက ကွာခြားနေမှု ဖြစ်နေခဲ့ပါတယ်။
အခု အိုးလ်ထရက်ဖို့ဒ်က မန်ချက်စတာ ဒါဘီပွဲမှာ အတိတ်က သူတို့နှစ်ယောက်ရဲ့ မသင့်မြတ်မှုတွေကို
ဆက်ခေါ်လာမယ် မထင် ပါဘူး။ သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက် ရင်း မင်းဘယ်လောက်စွမ်းသလဲ၊ ငါဘယ်လောက်စွမ်းသလဲဆိုတာကို အလုပ်နဲ့ သက်သေ ပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မော်ရင်ဟိုမှာ
နောက်တန်းညာအစွန်သမား ဗလင်စီယာ ဟာ အီကွေဒေါနိုင်ငံကနေ မန်ယူကို ပြန် ရောက်ချိန်
နောက်ကျနိုင်တဲ့အတွက် မော်ရင်ဟို အတွက် ပြင်ဆင်ရတာ အားနည်းမှု အနည်းငယ်ရှိ နေနိုင်ပါတယ်။
သူ့ထက်ပိုဆိုးတာက ဂွာဒီယိုလာပါ။
အဓိကတိုက်စစ်မှူး အဂွေရိုဟာ သုံးပွဲ ပွဲပယ်ခံထားရတဲ့အတွက် မန်စီးတီး အထောင်တိုက်စစ်ဟာ
အပြောင်းအလဲ ဖြစ်လာ ပါလိမ့်မယ်။ နှစ်သင်းစလုံးက ဦးစားပေးကစားသမားတွေဟာ ၂၀၁၈ ကမ္ဘာ့
ဖလားခြေစစ်ပွဲကို ဘယ်နှယောက်ကစားခဲ့ကြသလဲ ကြည့်လိုက် ရင် မန်ယူမှာ ရွန်နီ၊ မာရှယ်၊
ဖယ်လိုင်နီ၊ ဗလင် စီယာ၊ ဘယ်လေ၊ ဘလင်း၊ မာတာ၊ ဒီဂီယာ တို့ ကစားခဲ့ကြပြီး အီဗရာဟီမိုဗစ်က
အနား ယူသွားတဲ့အတွက် လန်းဆန်းနေပါတယ်။ မန်စီးတီးမှာ ဂျွန်စတုန်း၊ အော်တာမန်ဒီ၊
ဇာဘလက်တာ၊ ဆေးလ်ဗား၊ ဒီဘရိုင်၊ စတာလင်တို့ ကစားခဲ့ကြရပါတယ်။ ဒီကစားသမားတွေဟာ
နှစ်သင်းစလုံးအတွက် အားထားရသူတွေဖြစ်ပါတယ်။
မန်ယူက ဗလင်စီယာ၊ မန်စီးတီးက အော်တာမန်ဒီနဲ့ ဇာဘလက် တာတို့ဟာ တောင်အမေရိကဇုန်
ခြေစစ်ပွဲနှစ်ပွဲကို ကစားခဲ့ကြရသူတွေဖြစ်လို့ ပိုပြီးပင်ပန်းနေကြပါတယ်။ ဒီအခြေအနေကို ကြည့်ရင်
မန်စီးတီးနောက်တန်းဟာ ပိုပြီး ပွဲပန်းနေတာ တွေ့ရမှာပါ။ ကစားဟန်နဲ့ ယှဉ်ကြည့်လိုက်ရင် ဂွာဒီယိုလာက
အမြန်နှုန်းတွဲလုံးတွေနဲ့ တိုက်စစ် ကစားတဲ့အတွက် ဖမ်းဆုပ်ရခက်တဲ့ အနေအထားမျိုးမှာတွေ့ရပါတယ်။
ဒါပေမဲ့ ၀က်စ် ဟမ်းနဲ့ ဆန်းဒါးလန်းပွဲတွေမှာ ဒုတိယပိုင်း ကစားပုံတွေက ပထမပိုင်းလောက်
မကောင်းဘဲ ခံစစ်က ယိုင်သွားတာကိုလည်း တွေ့ရပါ တယ်။ အဝေးကွင်းမှာ စတုတ်နဲ့ ကစားတော့
မန်စီးတီးဟာ ပင်နယ်တီ ပေးခဲ့ရပါတယ်။ ဖြတ်တင်ဘောတွေ ရှင်းရာမှာ အားနည်းတဲ့အတွက် ဖြတ်တင်ဘောဦးစားပေးကစားပြီး ခေါင်းတိုက်တဲ့ အီဗရာဟီမိုဗစ်ရဲ့ ခေါင်းတိုက်
ချက်တွေကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲမလား ဆိုတာက စဉ်းစားစရာ ဖြစ်ပါတယ်။ မန်ယူက မန်စီးတီးလို
တွဲလုံးတွေနဲ့ ထိုးဖောက်မှု အပိုင်း တော်တော်အားနည်းနေဆဲဖြစ်ပါတယ်။
တောင်ပံဖြတ်တင်ဘောတွေပဲ အားကိုး နေဆဲဖြစ်လို့ မန်စီးတီးဟာ ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်နိုင်ရင်
မန်စီးတီးက အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းဖြစ်တဲ့အတွက် မန်ယူဟာ ပွဲစစချင်းမှာ
ကစားအားကို ပိုပြီး တင်ထားနိုင်ပါတယ်။ ဟားလ်စီးတီးနဲ့ ပွဲမှာ မန်ယူကစားပုံဟာ ဖိထားနိုင်တာကလွဲရင်
ဖန်တီးခွင့် အားနည်းတာကိုတွေ့ရပါတယ်။ တန်ပြန်တိုက်စစ်ကို သတိထားခဲ့တာလည်း တွေ့ရပါတယ်။
အခုလည်း မန်စီးတီးတန်ပြန်တိုက်စစ်ကို သတိထားလာဦးမှာဖြစ်လို့ မန်ယူဟာ အီဗရာဟီမိုဗစ်
ခေါင်းတိုက်သွင်း နိုင်ဖို့ ဖြတ်တင်ဘော အများအပြားကိုပဲ အားထားလာဖွယ်ရှိပါတယ်။ သုံးပွဲစလုံးကို
နိုင်ပွဲ ကစားခဲ့တဲ့မန်ချက်စတာနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ဂိုးစသွင်းတဲ့အသင်းဟာ ရတဲ့အနိုင်ဂိုးကို
ထိန်းပြီးကစားသွားပါ လိမ့်မယ်။ မန်နေဂျာနှစ်ယောက်စလုံးဟာ ဘယ်လိုပဲ ပြိုင်ဘက်တွေ ဖြစ်နေနေ၊
အခုပွဲ မှာ သတိထားကစားကြမှာ သေချာပါတယ်။ ဂိုးတွေအပြန်အလှန်သွင်းမှာပဲလို့ ထင်စရာ ဖြစ်ပေမဲ့
ဖလားလုတဲ့ ပွဲစဉ်တစ်ပွဲလိုကစားလာဖွယ်ရှိလို့ ဒီပွဲဟာ ဂိုးတွေ အပြန်အလှန်သွင်းမယ့်ပွဲ ဖြစ်လာနိုင်
ပါ့မလား။၊
အိုင်ဒီယာမတူညီကြတဲ့ ပြိုင်ဘက်မန်နေဂျာ နှစ်ယောက်ရဲ့ ဘယ်လိုအခင်းအကျင်းနဲ့ ပြင်ဆင်
လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေတာ သေချာနေပါရဲ့။

 <မူရင်းတင်ထားသည့်နေရာ>

Share on Google Plus

About Aung Kyaw Soe

0 comments:

Post a Comment

Vote For This Post